ဦးနှောက်သွေးယိုခြင်း ဘာကြောင့်ဖြစ်တာလဲ
ဦးနှောက်ထဲမှာ သွေးယိုတယ်ဆိုတာက လေဖြတ်ခြင်းရဲ့ အကြောင်းရင်း တစ်ခုလဲ ဖြစ်သလို ဦးနှောက်ရဲ့ သွေးကြောပေါက်သွားတဲ့အခါမှာ ဖြစ်လေ့ရှိပါတယ်။ ဦးနှောက်သွေးယိုတဲ့အခြေအနေအရ နောက်ဆက်တွဲ မလှုပ်ရှားနိုင်တော့တာ၊ အသက်သေဆုံးတာအထိ ခံစားရနိုင်လို့ အရေးကြီးတဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။
ဦးနှောက် သွေးယိုရတဲ့ အကြောင်းရင်းတွေက ဘာတွေဖြစ်မလဲ?
(၁) ဦးနှောက်ထိခိုက်မိတာ
အသက် ၅၀ အောက်အရွယ်မှာ ဦးနှောက် သွေးယိုခြင်းရဲ့ အဖြစ်အများဆုံးအကြောင်းရင်းကတော့ ဦးခေါင်းကို တစ်စုံတစ်ခုနဲ့ ထိခိုက်မိတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ဒဏ်ရာကြောင့် ဦးနှောက်က တစ်ရှုးတွေ ရောင်ရမ်းပြီး ဦးနှောက်သွေးယိုတာနဲ့ သွေးခဲဖြစ်တာတွေကို တွေ့ရနိုင်ပါတယ်။
(၂) သွေးပေါင်ချိန်တက်တာ
သွေးတိုးရောဂါရှိသူတွေနဲ့ တစ်စုံတစ်ရာကြောင့် သွေးပေါင်ထိုးတက်တဲ့ အခါမျိုးမှာ အချိန်မှီမကုသဘူးဆိုရင် သွေးကြောနံရံတွေ အားနည်းလာပြီး သွေးဖိအားပြဿနာကြောင့် ဦးနှောက်သွေးယိုခြင်းနဲ့ လေဖြတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
(၃) သွေးကြောပြဿနာများ
သွေးကြောဖောင်းတာ၊ သွေးကြောမှာ မူမမှန်တဲ့ အခေုအနေ တစ်ခုခုရှိနေတာ၊ မွေးရာပါဦးနှောက်သွေးကြောထိခိုက်တာ စတဲ့ သွေးကြော ပြဿနာတွေကလဲ ဦးနှောက် သွေးယိုခြင်းကို ဖြစ်စေနိုင်ပါတယ်။
(၄) သွေးထွက်လွန်ခြင်း
သွေးမတိတ်ရောဂါနဲ့ တချို့သော သွေးအားနည်းရောဂါတွေဟာ သွေးဥမွှားလေးတွေကို နည်းစေပြီး သွေးခဲခြင်းဖြစ်စဉ်ကို နှောင့်နှေးနိုင်တာကြောင့် ဦးနှောက်သွေးယိုတာကို ဖြစ်စေပါတယ်။ ဒါ့အပြင် တချို့ သွေးကျဲဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့လဲ ဦးနှောက်သွေးယိုခြင်းကို ခံစားရနိုင်ပါတယ်။
(၅) ဦးနှောက်အကျိတ်
ဦးနှောက်ကင်ဆာနဲ့ ဦးနှောက်အကျိတ်တွေဟာလဲ တခါတရံမှာ ဦးနှောက်သွေးယိုခြင်းကို ခံစားရနိုင်ပေမယ့် ရာခိုင်နှုန်းအားဖြင့် သိပ်မများတာကို တွေ့ရပါတယ်။
ဒီလို အကြောင်းရင်းတွေကြောင့် ဦးနှောက်သွေးယိုပြီဆိုရင် လက္ခဏာအနေနဲ့ ရုတ်တရက် ခေါင်းပြင်းပြင်းထန်ထန် ကိုက်တာ၊ တက်တာ၊ ခြေလက်တွေ အားနည်းတာ၊ အန်တာ၊ နုံးတာ၊ အမြင်အာရုံဝေဝါးတာ၊ ထုံကျင်တာ၊ စကားမပြောနိုင်တာနဲ့ ဟန်ချက်မထိန်းနိုင်တာတွေ ဖြစ်လာတတ်ပါတယ်။
ဦးနှောက်သွေးယိုခြင်းကြောင့် အချိန်တိုအတွင်းမှာ ဦးနှောက် ဆဲလ်တွေ ထိခိုက်ပြီး ဦးနှောက်သေတာ၊ လေဖြတ်တာနဲ့ သေဆုံးတဲ့အထိ ဖြစ်နိုင်တာကြောင့် အချိန်မှီကုသဖို့ အလွန်အရေးကြီးပါတယ်။
ဒါကြောင့် ဦးနှောက် သွေးယိုခြင်းကို ကြိုတင်ကာကွယ်ဖို့ သွေးပေါင်ချိန်ထိန်းတာနဲ့ ဆေးလိပ်ဖြတ်တာက အဓိကကျသလို မတော်တဆ ခေါင်းကို မထိခိုက်စေဖို့ကို အထူးဂရုစိုက်ဖို့ လိုကြောင်း ဗဟုသုတအနေနဲ့ မျှဝေလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)